Pages

Thursday, July 5, 2012

ရခိုင်-ရိုဟင်ဂျာအရေးနှင့် ရင်လေးမိသည် တို့တိုင်းပြည်

 ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ရက်နေ့မှ စပြီး မီးတောက်နေသည်မှာ ယနေ့ ၁၂.၀၆.၁၂ ဆိုလျှင် ၄ရက်မြောက်ဖြစ်ပြီး အခြေအနေတွေဟာ တစ်နေ့ တခြား ပိုမိုဆိုးရွားလို့ လာနေသည်။

BBC, VOA, RFA, DVB စတဲ့ အသံလွှင့်ဌာနများသို့
    စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့ရတဲ့ ၂၁နှစ်လုံးလုံး သတင်းအမှောင်ချထားခံရတဲ့အချိန်တွင် ထိုသတင်းဌာနများကိုပဲ အားကိုးခဲ့ရသည်။ တောရောမြို့ပါမကျန် ရေဒီယိုရှိသူတိုင်း ထိုအသံလွှင့်ဌာနများ၏ သတင်းများကိုသာ နားထောင်ခဲ့ရသည်။ ထိုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်ကျေပွန်ခဲ့သော သတင်းဌာနများမှာ ယခုအချိန်တွင် အဘယ်ကြောင့် ရိုဟင်ဂျာအရေးအစား မြန်မာ-မွတ်စလင်ဟူသော စကားလုံးကိုသာ တွင်တွင်သုံးနေကြသည် မသိဖြစ်ရ၏။ မြန်မာ-မွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်မြင့်ဆိုသူကလည်း ဒါဟာ မြန်မာမွတ်စလင်အရေးမဟုတ်ပါဘူးဟု လည်းကောင်း၊ အင်္ဂလန်မှ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူကလည်း ရိုဟင်ဂျာတွေ ခံနေရပါတယ်ဟုလည်းကောင်း၊ မြန်မာ ရခိုင်တိုင်းရင်းသားများကလည်း ရိုဟင်ဂျာများက မီးရှို့တာ ခံနေရပါတယ် ဟုလည်းကောင်း အသီးသီးပြောဆိုထားကြသော်လည်း အဘယ်ကြောင့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးရန်ဝန်လေးနေသည်မသိ။ အင်တာနက်ပေါ်တွင်တော့ ရိုဟင်ဂျာများက လာဘ်ထိုးထားသောကြောင့်ဟု လှောင်ပြောင်ထားသော ပုံများကို တွေ့ပေမယ့် တိကျခိုင်မာသော အဖြေတစ်ခုကို တောင့်တမိတာ အမှန်ပင်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD
    လွတ်လပ်ရေးရပြီးချိန်ကတည်းက မပြီးပြတ်ခဲ့သော ရိုဟင်ချာအရေးမှာ ယခင်က ဤမျှလောက်ထိ မပေါက်ကွဲထွက်ခဲ့ပဲ ယခုမှ ပေါက်ကွဲပြီး အရေးအခင်းဖြစ်နေချိန်နှင့် အန်တီစု ဥရောပခရီးစဉ်တိုက်နေခြင်းမှာ အချိန်ကိုက် ဖြစ်လွန်းအားကြီးသည်။ အမှန်တကယ် တိုက်ဆိုင်မှုလေလား၊ တမင်တကာ တိုက်ဆိုင်မှုလေလားဆိုတာတော့ မီးမွှေးသူများသာ သိလိမ့်မည်။ NLD အနေနှင့်လည်း အန်တီစုရှိမှသာ အသက်ဝင်လွန်းအားကြီးသောကြောင့် ဘာမှ မျှော်လင့်၍ မရနိုင်ပေ။ အန်တီစုအနေနှင့်လည်း ဒီကိစ္စကို ပြောရန် အလွန်အမင်း စိုးရိမ်နေဖွယ်ရှိသည်ဟုတ်ထင်မိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖြစ်မှန်တွေကို ကမ္ဘာက သိအောင် သူမ၏ ဥရောပ ခရီးစဉ်အတွင်း တစ်စုံတစ်ခု ပြောကြားနိုင်လိမ့်မည်ဟု ယုံကြည့်နေမိသည်။

EMG, Voice ဦးဆောင်သော ပြည်တွင်းမီဒီယာများ
    သူတို့၏ အခန်းကဏ္ဍမှာ ယခုအချိန်တွင် အရေးအပါဆုံးဖြစ်သည်။ အရေးအခင်း၊ အဓိဂရုဏ်းတွေကြား၌ သတင်းယူနေကြသော သတင်းထောက်များသည် တိုက်ပွဲဝင်စစ်သားများထက် ပိုလက်စွမ်းထက်နေကြသည်။ ကျွန်တော်တို့သည်လည်း မယုံကြည်ရသော ပြည်သူ့နေ့စဉ်သတင်းစာ၊ ပွင့်လင်းမှုမရှိသော အစိုးရကြားတွင် အလွန်အမင်းသတင်းငတ်နေကြသည်။ EMG နှင့် Voice တို့ အလုပ်လုပ်သည် ဆိုသော်လည်း သူတို့မှာ နယ်ခံလူများ၏ ပါးစပ်ပြောစကားများဖြင့်သာ သတင်းပြန်ပေးနေကြသည်။ ယခုအချိန်တွင် သမ္မတရုံးအကြီးတန်းအရာရှိ ဆိုသူ၏ စကားများကိုသာ အစိုးရ၏ သဘောထားလိုလို သတ်မှတ်ပြီး လက်ခံနေကြရသည်။ တကယ်တမ်းဖြစ်သင့်သည်မှာ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တစ်စုံတစ်ယောက်ကို တရားဝင် ခန့်အပ်ပြီး သတင်းအမှန်များကို အချိန်နှင့် တပြေးညီထုတ်ပြန်သင့်သည်။

အောင် တပ်မတော်ကြီးလည်း ချီလာပါပြီ
    ၈၈အရေးအခင်းတွင် လူများအော်ဟစ်ခဲ့သော “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ဆိုသော တိုင်တည်သံနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူလူထုများကို ပစ်သတ်ခဲ့သည့် ၁၉၈၈၊ ၂၀၀၇ အရေးအခင်းများကို ပြေးသတိရမိသည်။ မြန်မာနိုင်ငံအပါအ၀င် မည်သည့်နိုင်ငံမဆို ရှို့မီးမပြောနှင့်၊ ပေါ့ဆမီးဖြစ်လျှင်ပင် ခေါ်ယူစစ်ဆေးမေးမြန်း၍ ဥပဒေနှင့်အညီဆောင်ရွက်ခွင့် ရှိပါသည်။ တိုင်းပြည်တပြည်တွင် တပ်မတော်ဆိုသည်မှာ မရှိမဖြစ်လိုအပ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာ၊ တရားဥပဒေ စိုးမိုးမှု၊ ပြည်သူလူထု၏ ငြိမ်းချမ်းမှုကို ထိပါးလာသည့် အန္တရာယ်များမှ ကာကွယ်ရန်ဖြစ်သည်။ မီးရှို့နေခြင်းကို မိုးပေါ်ထောင်ပြီး ခြောက်လှန့်ရန်မဟုတ်။
တပ်မတော်သားများ မပစ်သေးခြင်းနှင့်ပတ်သက်ပြီး အနည်းငယ် စဉ်းစားကြည့်သောအခါ -
(၁) တပ်မတော်သားတွေသေနတ်များကို မိုးပေါ်ပဲ ပစ်ပြီး မီးရှို့ရိုက်နှက်နေကြသူများကို မပစ်ခြင်းမှာ အထက်အမိန့်မကျသေး၍ ဖြစ်နိုင်သည်။
(၂) အဘယ်ကြောင့်အထက်အမိန့်မကျနိုင်သနည်း၊ ဒီမိုကရေစီနိုင်ငံတွင် မိမိ၏ နိုင်ငံသားများကို ပစ်မိမှာစိုးရိမ်၍လော။ ဒါမှမဟုတ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည်ဟု နိုင်ငံတကာမီဒီယာများ ပြောမည်ကို ကြောက်၍လော။
(၃) ထိုသို့လည်း မဖြစ်နိုင်ပါ။ လွန်ခဲ့သော လများတွင်မှ ပြည်မြို့တွင် မီးရရှိရေးကြိုးပမ်းသူများကို ဖမ်းဆီးခြင်း၊ စစ်တွေမြို့တွင် ဆန္ဒပြသူများကို အရေးယူခြင်း ပြုလုပ်ခဲ့သည်။ အဲဒီ ဒီမိုကရေစီက ကွက်ကြားမိုးရွာသလိုများ ရွာချနေသလားဟု သံသယ၀င်မိသည်။
    ကျွန်တော်၏ ပုဂ္ဂလိက အမြင်မှာတော့ ဤတချိန် တပ်မတော်၊ ရဲ၊ လုံထိန်းအစရှိသူတို့၏ ကိုင်တွယ်မှုမှာ ပျော့ပျောင်းလွန်းလှသည်ထင်သည်။ ဤသို့ပြော၍ လူသတ်ခိုင်းနေသည်မဟုတ်ပါ။ ဒီအရေးအခင်းများစဖြစ်ကတည်းကိုက တရားဥပဒေ စိုးမိုးမှု လျော့ပါးခြင်းကြောင့်ဖြစ်ကာ ယခုထက်တိုင် တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်းများ မရှိသေး၍ ပြောခြင်းဖြစ်သည်။

ယခင်အရေးအခင်းများနှင့် တပ်မတော်၊ ထောက်လှမ်းရေးများ၏ အခန်းကဏ္ဍ
    ၈၈၊ ၉၆၊ ၀၇ အရေးအခင်းဖြစ်ပြီဆိုတာနဲ့ ရက်ပိုင်းပဲ ကြာသည်။ ချက်ချင်းပွဲပြီးမီးသေ ဖြစ်အောင် လုပ်ခဲ့နိုင်သော တပ်မတော်ဟာ အခုအချိန်မှာ အဘယ်ကြောင့် ဤမျှ နှောင့်နှေးနေရသည်ကို မသိပါ။ အနီးဆုံး ၂၀၀၇တွင်ပဲ ကြည့်ပါ။ စက်တင်ဘာ ၂၅၊ ၂၆တွင် သံဃာတော်များ စ၍ မေတ္တာပို့ကြပြီး ၂၈၊ ၂၉တွင် အပြီးတိုင်ချေမှုန်းလိုက်နိုင်သည်။ ထိုအချိန်များက ဘယ်လို ချေမှုန်းခဲ့သနည်း။ ဆန္ဒပြမှုတွင် ပါဝင်သူများကို ပစ်ခတ် ဖမ်းဆီးခဲ့သည်။ မိလာသော သူများကို ရိုက်နှက်စစ်ဆေး၍ ခေါင်းဆောင်လုပ်သူများအကြောင်း ရအောင် စုံစမ်းပြီးသောအခါ ညအချိန်တွင် ၀င်ရောက်ဖမ်းဆီးပြီး ဆန္ဒပြမှုများကို ချုပ်ငြိမ်းစေခဲ့သည်။ လူတွေကို ဘယ်လို ဖမ်းဆီးထောင်ချရမလဲ သူတို့ ကောင်းကောင်းကျွမ်းကျင်ပါတယ်၊ နောက်ဆုံး X2O ရေကစားမဏ္ဍပ် ဗုံးခွဲစဉ်က တရားခံရှာမတွေ့သောကြောင့် မဆိုင်သောသူကို သေဒဏ် ချမှတ်ခဲ့သည်။ ရရှိသော သတင်းများအရ ရိုဟင်ဂျာများမှ အချို့မှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး အချို့မှာ နယ်စပ်မှ ခိုးဝင်လာသူများဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ညအချိန် ညမထွက်ရ အမိန့်လည်း ရှိသည်ဟု သိရသည်။ ထိုအချိန်တွင် ထွက်လာသူတိုင်းကို ဖမ်းဆီးခွင့်ရှိပြီး အိမ်များသို့လည်း ၀င်ကာ မှတ်ပုံတင် စစ်သင့်သည်။ မှတ်ပုံတင်မရှိသူများ ခိုးဝင်လာသူများကို လ၀က ဥပဒေဖြင့် အရေးယူနိုင်သည်။ ယခုလောလောဆယ် ကိစ္စမှာ လူပေါင်းများစွာ၏ အသက်များသေကြေပျက်စီးကာ သောင်းနှင့်ချီ၍ အိုးအိမ်မဲ့ရသော ကိစ္စတွင် တရားဥပဒေစိုးမိုးရေးကို အဘယ်ကြောင့်မလုပ်ဆောင်ပဲ မီးလောင်လိုက် ခြောက်ပစ်ပြီးလူစုခွဲလိုက် မီးငြိမ်းလိုက်၊ နောက်တစ်နေရာ လောင်နေပြီဟု ကြားလျှင် မီးငြိမ်းလိုက်၊ ခြောက်ပစ်ပြီး လူစုခွဲလိုက်နှင့် ဘယ်အချိန်ထိ စောင့်နေသည်ကို သိချင်လှပါသည်။

ကျွန်တော်၏ပုဂ္ဂလိကအမြင်
    ယခုကိစ္စများ၏ အစမှာ ကျောက်နီမော်မှ မိန်းကလေး အမှုဖြစ်သော်လည်း မီးစာကို မီးရှို့လိုက်သည်မှာ အစ္စလာမ်ဘာသာဝင် ၁၀ဦး အမှု၏ တရားခံများ ဖြစ်သည်ဟု ပြောလျှင် မှားမည်မထင်ပါ။ ထိုနေ့က သတင်းကို သိသမျှ ပြန်လည်ဝေမျှချင်သည်။ ထိုနေ့က တောင်ကုတ်တွင် အော်ဟစ်ဆန္ဒပြပြီး မူစလင်လူမျိုးများကို သတ်ပစ်ရန် ပြောဆိုနေကြသော ဆူပူနေသည့် လူအုပ်ကြီး ရှိသည်ဟု သိရသည်။ ထို့နောက် သံတွဲမှ ထွက်လာသော ကားပေါ်တွင် အစ္စလာမ်လူမျိုးများ ပါဝင်ကြောင်း သိလျှက်နှင့် တောင်ကုတ်မှ လှမ်းအကြောင်းကြားခြင်းများလည်း မရှိခဲ့ပေ။ ထိုကားရောက်လာသော အချိန်တွင်မှ အစ္စလာမ်ဘာသာဝင်များကို မသေမချင်းရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ လူ၁၀ယောက်ခန့် သေကြေပျက်စီးရန် ရိုက်နှက်နေချိန်တွင် ရဲ၊ ရပ်ကွက်လုံခြုံရေးမှ အစ မည်သူမျှ မရှိဘူးလား။ မရှိလျှင်ရော ကားပေါ်တွင် ကျန်ရစ်သူများက ရိုက်နှက်နေကြသော အခြေအနေများကို သက်သေမထွက်ဆိုနိုင်ကြဘူးလား။ ဗုံးခွဲမှုတွေ၊ အခြားသူမည်သူမျှ မရှိသောအချိန် ကျူးလွန်ခဲ့သော လူသတ်မှုများကို တောင် တရားခံ ရှာဖမ်းနိုင်သေးတာ ၊ လူအုပ်ကြီးတစ်အုပ်လုံးကို တစ်ယောက်မျှ မဖမ်းမိသေးဘူးလား။ ဤကား ဤအချိန်တွင်လာမည်၊ ဤကားပေါ်တွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်မည်ကို သိ၍ လုပ်ကြံသတ်ဖြတ်မှုများဖြစ်သောကြောင့် ဒါဟာ ကြိုတင်ကြံစည် လုပ်ကြံမှု တစ်ခုဖြစ်ကြောင်း ထင်ရှားလှပါသည်။ ထိုဖြစ်ရပ်၏နောက်ကွယ်တွင် ဤရခိုင်အရေးအခင်းလိုဖြစ်ရပ်များ ဖြစ်ပွားစေရန် မြန်မာ-မွတ်စလင် အဓိကရုဏ်းဖြစ်စေရန် ကြိုတင်ကြံစည်မှုများ ရှိနိုင်သည်ဟု သံသယဖြစ်နေမိသည်။

ယခုလည်းသမ္မတကိုယ်တိုင်က တပ်မတော်ကို အကူအညီတောင်းထားပါလျှက် ပြဿနာများမှာ တနေ့တခြား ပိုပိုပြီး ပွားများလို့သာ လာနေသည်။ တခြားနေရာများသို့ ကူးစက်လာနိုင်သည့်အခြေအနေများလည်း ရှိလို့လာနေပါပြီ။ ကျွန်တော့်စာ၏ အဓိကနှင့် နောက်ဆုံးအပိုင်းကို ရောက်ပါပြီ။

ရိုဟင်ဂျာဆိုသူများသို့
    ဘယ်နိုင်ငံသားဖြစ်ဖြစ်၊ ဘာလူမျိုးဖြစ်ဖြစ် မိမိတို့ ရောက်ရှိနေသော နိုင်ငံ၏ တရားဥပဒေအရိပ်အောက်တွင် နေထိုင်ကြရန် လိုအပ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ရရေးမရရေး၊ နိုင်ငံသားဖြစ်ရေးမဖြစ်ရေးနှင့် လူမျိုးဖြစ်ရေးမဖြစ်ရေးများသည် ပြည်သူ့လွှတ်တော်နှင့် သမိုင်းပညာရှင်ကြီးများက အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ပြီး ယခုအချိန်တွင်တော့ မိမိရောက်ရှိနေသော နိုင်ငံ၏ ဥပဒေအထိန်းအကွပ်အောက်တွင် အေးချမ်းစွာ နေထိုင်ကြပါ။ ပြည်ပသတင်းများတွင် ပါသကဲ့သို့ မိမိတို့ကို ရခိုင်တိုင်းရင်းသားများက နှိပ်စက်နေသည်ဟုဆိုလျှင်လည်း ရန်ကို ရန်ချင်းမတုံ့နင်းပဲ မိမိတို့ နေထိုင်သည့် နေရာများတွင် ငြိမ်းချမ်းစွာ နေပါလေ။

ရခိုင်တိုင်းရင်းသားများသို့
    မြန်မာပြည်တွင်းရှိ မြန်မာများသာမက နိုင်ငံတကာသို့ ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသားများကပါ ရခိုင်တိုင်းရင်းသားများရဲ့ အနောက်မှာ ရှိနေကြောင်းအသိပေးလိုပါသည်။ ကျီးလန့်စာစားနေရသော ဘ၀များအတွက် စိတ်ဓါတ်ခွန်အား၊ အိမ်ခြံမြေများကို စွန့်လွှတ်၍ ဒုက္ခရောက်နေသူများအတွက် ငွေကြေးခွန်အားများကိုလည်း စတင်ပြီး ကူညီနေကြပါပြီ။ မိမိတို့ ရပ်ရွာ အိုးအိမ်များကိုထိပါးလာလျှင် ကာကွယ်ကြရမည်ဖြစ်သော်လည်း သူတပါး၏ အိုးအိမ်များကို လက်စားချေ ဖျက်စီးခြင်းများကို တတ်နိုင်သလောက် ရှောင်ကျဉ်သွားရန်လည်း တိုက်တွန်းလိုက်ပါသည်။ စစ်ပွဲများကို စစ်ပွဲများဖြင့် အဆုံးမသတ်နိုင်ပါ။

Social Network ပေါ်မှ သူငယ်ချင်းများသို့
    ယခုအချိန်တွင် လူတိုင်းက ရခိုင်အရေးကို စိတ်ဝင်စားနေကြသော အချိန်ဖြစ်သောကြောင့် အခွင့်ကောင်းယူကာ သတင်းမှား၊ သတင်းပုပ်၊ သတင်းယုတ်များတင်လာနိုင်သည်ကို သတိထားပါ။ နိုင်ငံတကာသတင်းဌာနများတွင် အမှန်ကို သိရှိကြရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော သတင်းများကို အဓိက ရှယ်ပေးကြစေလိုပါသည်။ ရခိုင်အရေးအခင်းနှင့် မပတ်သက်သော အခြားဓါတ်ပုံများကို ဖြတ်ညှပ်ကပ်လုပ်ကာ လူအများ သွေးဆူပွက်စေသော လုပ်ရပ်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါ။ ပြီးတော့ မိမိ ဖတ်မိ၊ ကြည့်မိသော စာ၊ ဓါတ်ပုံများဟာ မှန်ကန်မှု ရှိမရှိ အလေးထားပြီး စဉ်းစားပါ၊ ကြိုက်လွန်း၍ Share မည်ဆိုလျှင်လည်း စာ၊ ဓါတ်ပုံများ၏ အဓိပ္ပါယ်များ အထအနကောက်လွှဲနိုင်သော လုပ်ရပ်များကို မလုပ်မိစေရန် မေတ္တာရပ်ခံပါသည်။

သူငယ်ချင်း မြန်မာများနှင့် မြန်မာ အစ္စလာမ်ဘာသာဝင်များသို့
    ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကိုလိုနီဘ၀မှ လွတ်မြောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး၊ လွတ်မြောက်ပြီး မကြာခင်မှာပဲ ပြည်တွင်းသောင်းကျန်းမှုများနှင့် အာဏာသိမ်းခံရသောဒဏ်ကြောင့် မဆလအစိုးရ လက်အောက်တွင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ရောက်ခဲ့သည်။ အဲဒီနောက်တဖန် စစ်အုပ်ချုပ်ရေးဘ၀တွင် အနှစ်၂၀ကျော်နေခဲ့ရပြီး ယခုမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်လုပ်ကာစပဲ ရှိပါသေးသည်။ ထိုကြောင့် သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ကြစေလိုပါ။ မွတ်စလင်သွေး ဘယ်လောက် စစ်လဲ၊ မြန်မာ့သွေးကို ကမ္ဘာသိအောင်ပြရအောင် သူမချခင် ကိုက ဦးအောင် ချရမယ် စသည်ဖြင့် သွေးထိုးပြီး တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းများကို ပြောလာမည့်သူများ ရှိနေပါသည်၊ အသိဥာဏ်နှင့်မယှဉ်သော အလုပ်များ မလုပ်မိစေရန်ဝိုင်းဝန်း၍ ကူညီကြပါ။ ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နှင့် ထည်ထည်ဝါ၀ါ ဖြစ်စေချင်ကြမှာ နိုင်ငံသားတိုင်းပင်ဖြစ်သည်ဟု ယုံကြည်ပါသောကြောင့် စည်းလုံးညီညွှတ် အေးချမ်းစွာဖြင့် နေထိုင်သွားကြရန် ဆန္ဒပြုရင်း။

စည်သူ(သံလွင်)
(ရခိုင်အရေးအခင်းအမြန်ဆုံးပြီးဆုံးစေချင်သောကြောင့် သွေးများ မြေသို့ ထပ်မကျစေချင်တော့သောကြောင့် မနေနိုင်လွန်း၍ ဤစာကိုရေးပါသည်။ ဤစာနှင့်ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲ၍ ဝေဖန်ဆွေးနွေးနိုင်သော်လည်း ဆဲရေးတိုင်းထွာ၍ စော်ကားသည့် Comment များကိုမူ လက်ခံလိမ့်မည်မဟုတ်ပါကြောင်း။)

Ref: http://www.facebook.com/notes/sithu-thanlwin/

0 comments: