Pages

Saturday, January 18, 2014

မောင်တောမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီရှစ်ဦး သေဆုံးသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ငြင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီရှစ်ဦး သေဆုံးသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရက ငြင်းဆိုခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်အား ရှာမတွေ့ သေးသော်လည်း သူ၏အဝတ်အစား အပိုင်းအစအချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“ARU နဲ့ တခြားအွန်လိုင်း မီဒီယာတွေမှာ ရေးသားသလို မြန်မာအစိုးရ တပ်တွေနဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေကို သတ်နေတာ၊ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတာက ဇန်နဝါရီ ၁၃ ရက် ညဘက်ကင်းလှည့်ရင်း ဘင်္ဂါလီရွာထဲမှာ အသတ်ခံရပြီလို့ ယူဆနေတဲ့ အခုထိ ရှာမတွေ့သေးတဲ့ ရဲတစ်ယောက်ကို စုံစမ်းနေခြင်း ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောကြားသည်။



မောင်တောခရိုင် ခရေမြိုင်ရဲကင်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဇန်နဝါရီ ၁၃ ရက်ညက ပျောက်ဆုံးနေခဲ့သော ရဲတပ်ကြပ်ကြီးအား ဆက်လက် ရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူတို့မှ ခေါ်ဆောင်သွား သည့် ဂေါ်ဒူသာရ ချောင်းကမ်းစပ်သို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကင်းတဲ၏ အနောက်ဘက်ကိုက် ၃ဝဝ ခန့်အကွာ လယ်ကွင်းအတွင်းမှ သွေးများစွန်းနေသည့် အနက်ရောင်အီကွေ့မင်းကြိုးသေး တစ်ချောင်းအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ကျေးရွာမှ အမှုနှင့် ပတ်သက်ဖွယ်ရှိသည့် ဘင်္ဂါလီလူမျိုး စုစုပေါင်း ၈၄ ဦးအား ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများမှ ဒုချီးရားတန်း ကျေးရွာမှ ဂေါ်ဒူသာရဘက်သို့ ထွက်ပြေးသည့်အတွက် ယင်းတို့အား ဆက်လက်ရှာဖွေ နေဆဲဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီအချိန် တွင်ဒုချီးရားတန်း အလယ်ရွာ စာသင်ကျောင်း အနီးရှိ အစ္စလာမ်ဗလီမှ ဗလီအစောင့် ရှောင် ဘူအာလောင် (၅ဝ)နှစ် (ဘ) ဘောလီအာလောင်၏ ထွက်ဆိုချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သက်သေများနှင့် ရှာဖွေရာ ဗလီအနောက်ဘက် အမှိုက်ကျင်း အတွင်းမှ တပ်ကြပ်ကြီး ဝတ်ဆင်ခဲ့သော ရဲတံဆိပ်ပါ နက်ပြာရောင်အင်္ကျီ လက်ရှည်တစ်ထည်၊ ရဲတံဆိပ်ပါ ခါးပတ်တစ်ခု ပြောက်ကျားလည်ဆွဲ ဖိနပ်တစ်ရန် ဇစ်ဆွဲပြုတ်တစ်ခု၊ အတွင်းခံဝတ်ခဲရောင် လက်ရှည်အင်္ကျီ တစ်ထည်အား ဗလီ၏ အရှေ့တောင်ဘက် ၁ဝ ကိုက်ခန့်အကွာ အာရ်ဗီစာသင်ကျောင်းဝင်း အုတ်ခုံအနီးမှ လက်ကိုင်ဇစ်တစ်ခု တွေ့ရှိရပြီး ယင်းအာရ်ဗီစာသင်ကျောင်း နှစ်ထပ်ဗီရို အောက်ဆုံးထပ်မှ ရဲသုံးစတီးခရာတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေ ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီအထိ အဆိုပါ ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီးအား ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ သူ၏အဝတ်အစား တချို့ကိုသာ အခင်းဖြစ်ပွားရာ ဒုချီးရားတန်းကျေးရွာရှိ ဗလီနဲ့ အာရ်ဗီကျောင်းဝင်း အတွင်း၌ တွေ့ရှိရကြောင်းနှင့် လက်ရှိတွင် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်နေဆဲဖြစ်ကြောင်း၊ ဖြစ်ရပ်အမှန်မှာ ဘင်္ဂါလီများကသာ ဒေသနေ တိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းများကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီတွင် ထုတ်လွှင့်ခဲ့သည့် နိုင်ငံပိုင် သတင်းတွင် ဘင်္ဂါလီလူမျိုး မိန်းမနှင့် ကလေးများ ဓားဖြင့် အခုတ်ခံရသည်ဟု ဖော်ပြခဲ့သည့် အေပီသတင်းဌာနနှင့် ဧရာဝတီသတင်း ဌာနများတွင် ဖော်ပြထားချက်နှင့် ပတ်သက်၍လည်း ရှင်းလင်းခဲ့သည်။

ည ၈ နာရီတွင် ထုတ်လွှင့်ခဲ့သည့် နိုင်ငံပိုင် သတင်းတွင် မောင်တောဒေသ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲမှူးချုပ် တင်ကိုကိုအား ဆက်သွယ်မေးမြန်း ထားခြင်းဖြစ်ပြီး အဆိုပါ သတင်းများမှာ လုံးဝမဟုတ်မှန်ကြောင်း ရဲမှူးချုပ်က ငြင်းဆန်ခဲ့သည်။

“အဲဒီသတင်းကတော့ လုံးဝမှန်ကန်မှု မရှိပါဘူးခင်ဗျ။ အခုတော့ ကျွန်တော်တို့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနဲ့ ပတ်သက်ပြီး မှုခင်းဖော်ထုတ်တာမျိုး၊ တရားခံ ဖမ်းဆီးရမိဖို့ လုပ်တာမျိုး။ တစ်ချို့ကတော့ တရားခံ နာမည်လေးတွေတော့ ရပါပြီဗျ။ ဒါလေးတွေကိုလည်း ဆက်လက်ဖော်ထုတ် နေပါတယ်” ဟု နိုင်ငံပိုင်ရုပ်သံ၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုကို ရဲမှူးချုပ်က ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၁၃ ရက် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ကျေးရွာအုပ်ချုပ်ရေးစာရေး ဦးသန်းထွန်းဦးနှင့် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်ရာ ည ၉ နာရီခွဲတွင် ကင်းချောင်း(ရခိုင်ရွာ)မှတစ်ဆင့် ဒုချီးရာတန်း(ဘင်္ဂါလီရွာ)သို့ ရောက်ရှိခဲ့ကြောင်း၊ ရွာစာသင်ကျောင်း အနီးတွင် ဘင်္ဂါလီစကားနှင့် အော်ဟစ်ကြကြောင်း၊ ရဲတပ်ဖွဲ့က ငါတို့လှည့်ကင်း လုပ်တာ၊ မင်းတို့အေးအေးနေဟုပြောရာ၊ ဓားနဲ့ခုတ်ဟုအော်ပြီး ဝိုင်းလာသဖြင့် လှည့်ကင်းအဖွဲ့ နောက်ဆုတ်လာကြောင်း၊ လူအင်အားဖြင့် ညာသံပေးလိုက်သဖြင့် ဆုတ်ခွာလာစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ရွာထဲတွင် ပိတ်မိ၍ ကျန်ခဲ့ကြောင်း၊ အမ်(၂၂)မောင်းပြန် သေနတ်တစ်လက်လည်း အတူကျန်ခဲ့ကြောင်းနှင့် နောက်ဆုတ်လာသည့် ရဲဝန်ထမ်းများ၏ သတင်းပို့ချက်အရ တပ်၊ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများသည် နံနက် ၂ နာရီခန့်တွင် ယင်းဘင်္ဂါလီရွာကို ရောက်ရှိနေပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် သေနတ်ကို ထုတ်ပေးရန် တောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂ဝ၁၃ ဒီဇင်ဘာ ၂၆ ရက်ကလည်း စစ်တွေမြို့နယ် ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းမှ ဘင်္ဂါလီများက ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်းလည်း သိရသည်။ ဇန်နဝါရီ ၁၆ ရက် နံနက် ၁ နာရီ အချိန်ကလည်း ပေါက်တောမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments: