Pages

Thursday, May 30, 2013

Us and Them



ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ စာရွက်တွေ လိုက်ဝေနေတာ တွေ့လို့ ကျွန်တော်လဲ တစ်ရွက်ယူပြီး ဖတ်ကြည့်မိပါတယ်။ အဓိကအားဖြင့် ရေးထားတာကတော့ မွတ်ဆလင်တွေ အနေနဲ့ ဗိုလ်မှူသမီးကို ရအောင်ယူနိုင်ရင် ဘယ်လောက် ထောက်ပံ့မယ်၊ ဘယ်အဆင့်ကို ယူမယ်ဆိုရင် ဘယ်လောက် ထောက်ပံ့မယ် ဆိုတာတွေကို ရေးထားတဲ့ စာတွေ ဖြစ်ပါတယယ်။ အဲဒီအပြင် ၇၈၆ ဆိုတာ ပေါင်းလိုက်ရင် ၂၁ ရကြောင်း ၂၁ ရာစုမှာ မြန်မာတစ်နိုင်ငံလုံး မွတ်ဆလင် ဘာသာဖြစ်ရမယ်ဆိုတာကို ရေးထားတာ ဖြစ်ကြောင်း၊ နောက်တစ်ခုကတော့ မြန်မာမိန်းကလေးတွေကို မွတ်ဆလင်တွေက မဒိန်းကျင့်ကြောင်း စသည်ဖြင့် ရေးထားတာတွေ ဖြစ်ပါတယ်။ အဲဒီလို ရေးထားတဲ့ စာတွေဝေပြီး သိပ်မကြာပါဘူး။ အဲဒီလို ဝေတဲ့သူတွေကို ရပ်ကွပ်လူကြီးနဲ့ ရဲစခန်းက ခေါ်သွားပါတယ်။ နောက်တော့ ပျောက်သွားပါတော့တယ်။ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော်ရင်ထဲမှာ Us and Them ဆိုတဲ့ အမြင် ဝင်လာပါတယ်။ သူတို့က ငါတို့နဲ့ မတူပါလား။ သူတို့က သူတို့၊ ငါတို့က ငါတို့။ သူတို့အကြံအစည်တွေက ငါတို့ဘာသာ သာသနာကို ထိခိုက်လာမှာပါလားလို့ မြင်သွားပါတယ်။

အဲဒီအမြင်တစ်ခုကို ပိုပြီး ခိုင်မာစေတဲ့ အကြောင်းအချက်တွေလဲ ရှိပါသေးတယ်။

  • မင်းကွန်းဆရာတော်ကြီးက ပစ္စည်းဝယ်ရာမှာ မြန်မာတွေဆိုင်မှာသာ ဝယ်ဖို့ ပြောခဲ့ပါတယ်။
  • မဟာဗောဓိမြိုင်ဆရာတော်ကြီးကလဲ အဲဒီလို ဘာသာခြားနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ပြောဖူးပါတယ်။
  • နောက် မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို အဆင့်ဆင့် ကူးပြောင်းလာတဲ့ ဦးဆန်းလွင် အရှင် အာဒိစ္စရံသီရဲ့ တရားတွေမှာလဲ အဲဒီလို အကြောင်းအရာတွေ မှန်ကန်ကြောင်း ထည့်ဟောတာတွေ နာရပါတယ်။ (တစ်ခါကဆိုရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း တရားပွဲအလှူခံ မဏ္ဍတ်ကနေ အကြယ်ကြီး ဖွင့်နေတာ ဖြစ်တဲ့အတွက် တစ်ရပ်ကွက်လုံး ကြားအောင် နာခဲ့ရဖူးပါတယ်)


ဒါပေမယ့် အွန်လိုင်းမှာ ရှာဖွေဖတ်ရှုကြည့်တဲ့ အခါမှာ ၇၈၆ ဆိုတာ အစ္စလမ် ကိုရမ်ကျမ်းမှာ ပါတဲ့ စာတွေကို ပုံဖော်ထားတာလို့ ကြားရပြန်ပါတယ်။ ဒါပေမယ့် အဲဒီလို ဗိုလ်မှူးသမီးကိုရရင် ဘယ်လောက်ထောက်ပံ့မယ် ဆိုတဲ့ စာတွေ တကယ်ရေးသလား မရေးသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အဲဒီစာတွေကြောင့် လူအတော်များများရဲ့ ရင်ထဲမှာ ဆူးအကြီးကြီးတစ်ခု ပေါက်လာပါတယ်။ အဲဒါကတော့ Us and Them ဆိုတဲ့ အမြင်ပါပဲ။ သဘောထားပျော့ပြောင်းတဲ့သူတွေက Us and Them အပေါ် သံသယလောက်သာ ထားကြပေမယ့် သဘောထား တင်းမာသူတွေကတော့ Us and Them အပေါ် Hate ဆိုတဲ့ အမုန်းတရားနဲ့ ကြည့်ပါတော့တယ်။


အခြားနိုင်ငံများမှ ပယောဂများ

လူတိုင်းသိပြီး ဖြစ်တဲ့ အတိုင်း ၉/၁၁ အရေးအခင်းပါ။ အစ္စလမ်အစွန်းရောက်တွေက လေယဉ်ကို အပိုင်းစီးပြီး World Trade Center ကို ဝင်တိုက်လိုက်တာပါ။ အဲဒီနောက်ပိုင်းမှာ Terrorist Attack လို့ ဆိုလိုက်တိုင်း မွတ်ဆလင်တွေ ဖြစ်နေတာ ကမ္ဘာ့ သတင်းစာမျက်နှာတွေမှာ တက်နေပါတော့တယ်။ မွတ်ဆလင်တိုင်းဟာ အကြမ်းဖက်သမား မဟုတ်ဘူး၊ ဒါပေမယ့် အကြမ်းဖက်သမားတိုင်းတော့ မွတ်ဆလင်တွေပဲဆိုတဲ့ လူများစု လက်ခံကြတဲ့ စကားတစ်ခွန်းလဲ ဖြစ်တည်လာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလဲ အလွန်ငြိမ်းချမ်းတဲ့ အစ္စလမ်မစ် ဒီမိုကရေစီနိုင်ငံတွေ ရှိနေပြန်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ဖက်က ပိုကျော်ကြားတယ် ဆိုတဲ့အတိုင်း မွတ်ဆလင် အစွန်းရောက်တွေ၊ မွတ်ဆလင် အသေခံဗုံးခွဲသမား၊ မွတ်ဆလက် အကြမ်းဖက်သမား စသည်ဖြင့် မွတ်ဆလင်၊ အစ္စလမ်ဆိုတဲ့ စကားလုံး အပေါ်မှာ အကောင်းမြင်ထက် အဆိုးမြင်တဲ့ဖက်က ပိုများလာပါတော့တယ်။

အဲဒီလို အခြားနိုင်ငံတွေရဲ့ အဖြစ်အပျက်တွေ ရိုက်ခတ်မှုကြောင့် Us and Them ဆိုတဲ့ အမြင်ကလဲ ပိုပြီး ကွဲလာသလို Us and Them ကို Hate နဲ့ တွဲမြင်တဲ့သူတွေကလဲ ပိုပြီး ပြင်းထန်လာပါတော့တယ်။ တကယ်တန်း စာတွေဖတ်ကြည့်တဲ့အခါ အဲဒီလို Fundamentalist တွေကို ဥပမာ - အိုစမာ ဘင်လာဒင်က ဘယ်ကနေ ဖြစ်တည်လာတာလဲ၊ အဲဒီအကြမ်းဖက်သမားတွေကို ဘယ်သူတွေက အထောက်အပံ့ပေးနေလဲ ဆိုတဲ့ အရင်းအမြစ်ကို ပညာရှင်တွေက ရှာကြည့်တဲ့အခါမှာ ရေနံမြေတွေအပေါ် ခွထိုင်ထားတဲ့ ဆော်ဒီက သူဌေးကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီလို ဆော်ဒီကနေ အကြမ်းဖက်သမားတွေ ထောက်ပံ့တယ်။ ပြီးတော့ ထောက်ပံ့တာ မှန်သမျှလဲ သူတို့ မွတ်ဆလင်တွေကိုသာ အဓိကထား ထောက်ပံ့တယ်လို့ ကြားလာရပြီး Islamization ဆိုတဲ့ စကားလုံးကိုလဲ စပြီး ကြားလာရပါတယ်။ ဒါတွေက ဟုတ်သလား မဟုတ်သလားဆိုတာ သေသေချာချာ မသိပေမယ့် ဟုတ်နိုင်ခြေရှိတဲ့ အလားအလာတွေကြောင့် လူတိုင်း သိသိသာသာ လက်ခံလာကြပါတယ်။ အခုနောက်ပိုင်း ကြားလာရတဲ့ UN ကို OIC က ပိုင်သွားပြီဆိုတဲ့ စကား။ အဲဒီလို အနေအထားတွေက Us and Them ဆိုတဲ့ အနေအထားကို ဒီထက်ပိုပြီး ဝေးလန်တဲ့ အစွန်းနှစ်ဖက်ကို တွန်းပို့နေပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ အပေါ် ဆရာတော်များ၏ ဟောပြောချက်များ

နေရာအနှံ့တရားပွဲတွေ ကျင်းပကြတဲ့အခါမှာ ဆရာတွေ အတော်များများ၊ အထင်ကရ ဆရာတော်ကြီးများပါ မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး မြန်မာတွေ အနေနဲ့ သတိထားစရာတွေ ထည့်ဟောလာတာ သတိထားမိပါတယ်။ မိန်းမကို တရားဝင် ဘယ်နှစ်ယောက် ယူခွင့်ရှိတယ်တို့ မွတ်ဆလင် မိသားစု တစ်ခုမှ မိသားစုဝင် လေးဆယ်လောက် ရှိတယ်တို့၊ ဗုဒ္ဓဘာသာ အတွက် အဓိကအကျဆုံးနဲ့ အန္တရာယ်အရှိဆုံးက မွတ်ဆလင် ဘာသာပဲ စသည်ဖြင့် ထည့်သွင်းဟောကြားလာပါတယ်။ ဆရာတော် တစ်ပါးဆိုရင် မြေပုံကြီးကို ထောက်ထောက်ပြီး ဗုဒ္ဓဘာသာက ဟိုအရင်ခေတ်က ဘယ်အခြေအနေ၊ အခု ဘယ်အခြေအနေ ရောက်နေပြီ စသည်ဖြင့် သေသေချာချာ အသေးစိတ်ကို ဟောသွားပါတယ်။ နောက်တော့ ၉၆၉ ဆိုတဲ့ သင်္ကေတနဲ့ တကွ အခွေတွေ တစ်ခွေပြီး တစ်ခွေ ထွက်လာပါတယ်။ ၉၆၉ တံဆိပ်ဟာလဲ ကားတွေမှာ နောက် ကွမ်းယာဆိုင်တွေမှာ အလျိုလျို ပေါ်လာပါတော့တယ်။ ကျွန်တော်ကတော့ နဂိုကတည်းက Us and Them အပေါ် သံသယနဲ့ ချဉ်းကပ်သူ ဖြစ်တဲ့အတွက် အမျိုး၊ ဘာသာ၊ သာသနာအပေါ် ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အမြင်ထက် မပိုပါဘူး။ ဘာသာခြားတွေ အပေါ် မုန်းတီးခြင်းလဲ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာတော့ ပြင်းပြင်းထန်ထန်ကို မုန်းတီးတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ကျွန်တော် အပျော်တန်း မေးခွန်းတွေ မေးဖူးပါတယ်။ မင်း ကုလားကို မုန်းသလားဆိုတဲ့ မေးခွန်းပါ။ (ဒီနေရာမှာတော့ ကျွန်တော် ပြောနေကြအတိုင်း ပြောလိုက်တာပါ) ကျွန်တော်မေးသမျှ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက်က မုန်းတယ်လို့ ပြောပါတယ်။ ဘာလို့ မုန်းတာလဲ ဆိုတဲ့ မေးခွန်း အပေါ်မှာ သူတို့ ဖြေကြတာတွေကို ချုပ်ကြည့်မယ်ဆိုရင်


  • ဟိုအရင်တုန်းက သူတို့ကြားဖူးတဲ့ ဗိုလ်မှူးသမီးယူရင် ဘယ်လောက် ထောက်ပံ့မယ်ဆိုတဲ့ စာအပေါ်မှာ မြင်နေတဲ့ အမြင်
  • သူတို့တွေက သီးသန့်ဆန်လွန်းတယ်၊ ပေါင်းလို့ သင်းလို့ မရဘူး ဆိုတဲ့အမြင်။
  • သူတို့တွေက မြန်မာတွေအပေါ် ကလိန်ကျတယ်ဆိုတဲ့ အမြင်။
  • နောက် သူတို့ နာထားတဲ့ တရားခွေတွေက ရလာတဲ့ အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာ စောင့်ရှောက်ရမယ့် အမြင်။

စတဲ့ အမြင်တွေအပေါ်မှာ အခြေခံပါတယ်။ အဲဒီတော့ ဆရာတော်များရဲ့ ဟောပြောချက်များဟာလဲ တစ်ဖက်မှာ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ရေးကို ဇောင်းပေး ဟောတဲ့အတွက် အဲဒီ စိတ်ဓာတ်တွေ ထွန်းကားလာသလို တစ်ဖက်မှာလဲ Hate ကို အခြေခံထားတဲ့သူတွေကို ဒီထက်ပိုပြီး Hate ဖက်ကို ရောက်သွားစေတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် ဆရာတော်များ ဟောကြားချက်တိုင်း တစ်ဖက်က ဘာသာကို ဖျက်စီးပစ်ဖို့ မဟောကြပါဘူး။ ကိုယ့်တာ ကိုယ်လုံအောင်သာ ကာကွယ်ကြဖို့ ဟောကြတာသာ ဖြစ်ပါတယ်။ အခု ဗလီတွေကို ဖြိုချတဲ့ ဖြစ်စဉ်တွေမှာ အဲဒီ ၉၆၉ ဆရာတော်တွေ ကြောင့်ဆိုရင်တော့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးဘာသာ၊ သာသနာဆိုတဲ့ အမြင်မှာ အစွန်းရောက်သွားတဲ့ အနေအထားက တွန်းပို့လိုက်တာပဲလို့ ကျွန်တော် မြင်ပါတယ်။ ဒီနေရာမှာ အဓိကရုန်း ဖြစ်စေလိုတဲ့ အနေအထားတွေကို လေ့လာကြည့်ရင် လက်ခုတ်နှစ်ဖက်တီးလို့ မြည်တဲ့ အနေအထားတွေ တစ်ချို့နေရာတွေမှာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် အရေးနှင့် ဘင်္ဂလီမွတ်ဆလင်

ရခိုင်ပြည်နယ်မှာ ဟိုးလွန်ခဲ့တဲ့ အဘိုး၊ အဘေးတွေ ခေတ်က အဖြစ်အပျက်တွေ အပေါ်မှာ အားလုံး ထိန့်လန့်စိတ်နဲ့ ကြည့်နေဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော် ကြားဖူးတဲ့ အနေအထားအရ ညပိုင်း လူခြေတိတ်ချိန်မှာ ရွာတစ်ရွာလုံး ဝင်သိမ်းပြီး ရခိုင်တွေကို တစ်ယောက်မကျန် သတ်ပစ်ခဲ့တယ်၊ အဲဒီလို သတ်ပြီး ရွာတွေကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို သတ်ပစ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသား အရေအတွက် သိန်းချီရှိတယ်လို့လဲ သိရပါတယ်။ ရခိုင်တွေမှာတော့ Us and Them ဆိုတဲ့ အမြင်က Hate နဲ့ပါ တွဲနေပါတယ်။ အဲဒီလို အခြေအနေတွေအရ ပေါက်ကွဲထွက်လာတဲ့ ပဋိပက္ခတွေအပေါ်မှာ မြန်မာပြည်က အခြားနေရာမှာ နေကြတဲ့ လူတိုင်းအတွက် Us and Them ကို အမုန်းတရားနဲ့ ပိုပြီး တွဲမိသွားစေပါတယ်။ အဲဒီလို အမုန်းတရားတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မိတ္ထိလာ အရေးအခင်း၊ နောက် ဥက္ကံအရေးအခင်း၊ အခု လားရှိုး အရေးအခင်း တွေ ဖြစ်လာတယ်လို့ ကျွန်တော် မြင်ပါတယ်။

အစိုးရ၏ အားနည်းချက်များ

အခုလို အဓိကရုန်းတွေ ဖြစ်နေတယ်ဆိုကတည်းက သေချာတာတစ်ခုကတော့ တာဝန်အရှိဆုံးလူဟာ အစိုးရပဲ ဖြစ်ပါလိမ့်မယ်။ အစိုးရအနေနဲ့ အရင် ထောက်လှမ်းကွန်ယက်တွေရော စစ်အုပ်ချုပ်ရေးပါ အကြီးအကျယ် ချုပ်ကိုင်ထားတဲ့ အနေအထားကနေ လွတ်ထွက်သွားတဲ့ အနေအထား တစ်ခုကို လက်ခံလိုက်ရပါတယ်။ အဲဒီလို အနေအထားမှာ ရဲတွေရဲ့ အရည်အချင်းကလဲ ဖုတ်လှိုက်ဖုတ်လှိုက် အနေအထား၊ အဓိကရုန်းဖြစ်တာနဲ့ ရဲက ကြမ်းကြမ်းတမ်းတမ်း ဝင်ကိုင်လိုက်ရင် ရဲကင်တွေဖြစ်ပြီး နောက်တစ်ခါ နိုင်ငံတော်ကို ချောက်ထဲကျဖို့ လက်တစ်လုံးအလိုက ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အနေအထားကို အချိန်မရွေး ပြန်ရောက်သွားနိုင်ပါတယ်။ အဲဒီတော့ သတိအကြီးအကျယ်ထားပြီး ကိုင်တွယ်နေရတယ်။ တကယ့် ဒီမိုကရေစီအစိုးရရဲ့ တရားဥပဒေ စိုးမိုးရေးကို ကိုင်တွယ်နိုင်တဲ့ တင်းပြည့် ကျပ်ပြည့် ရဲတပ်ဖွဲ့ မဖြစ်တာကလဲ အခုလို အဓိကရုန်းတွေကို မကိုင်တွယ်နိုင်တဲ့ အနေအထားကို သက်ရောက်စေပါတယ်။ သေချာပါတယ်၊ လူတွေကို လိုက်မေးကြည့်ပါ။ ရဲတွေကို မုန်းလားလို့။ အားလုံးက မုန်းတယ်လို့ ဖြေကြမှာပါ။ အဲဒီလို မုန်းကြတဲ့ အချက်တွေကို လေ့လာကြည့်မယ်ဆိုရင်

  •  ရဲဆိုတာ ရာဇဝတ်မှုကို ကိုင်တွယ် ဖြေရှင်းရပါတယ်။ အဲဒီအတွက် နဂိုကတည်းက အမုန်းခံရတဲ့ အလုပ်ဖြစ်နေပါတယ်။
  • ရဲတွေက အဂတိတရားတွေ အများဆုံး လိုက်စားနေကြတယ်လို့ လူတွေက သိထားကြပါတယ်။

စတဲ့ အချက်တွေကြောင့် မုန်းလို့လုပ်ကြတဲ့ အနေအထားမှာ အမုန်းသမား တစ်ယောက်က ဝင်ပြီး ကိုင်လိုက်ရင် အမုန်းထပ်ဆင့်ပြီး ဒီထက်ဆိုးသွားနိုင်စရာတွေ ရှိပါတယ်။ ဒီတော့ အစိုးရအနေနဲ့ မလွဲမရှောင်သာ စစ်တပ်ကို ခေါ်ရပါတော့တယ်။ ဒါပေမယ့် တစ်ခါလာလဲ စစ်တပ်၊ တစ်ခါလာလဲ စစ်တပ် ခေါ်နေတာ ဆေးမြီးတိုနဲ့ တူပါတယ်။ Side effect များလွန်းတဲ့ ဆေးမြီးတိုလို့ ပြောရင် မမှားပါဘူး။

ကျွန်တော်၏ ကိုယ်ပိုင် အမြင်နှင့် အကြံပြုချက်များ

Us and Them ဖြစ်နေတဲ့ အပေါ်မှာ အမုန်းတရားတွေ လျော့ချနိုင်အောင် အရင်းကြိုးစားရပါမယ်။ အဲဒီအတွက် Dialogue တွေ လုပ်ပေးဖို့ လိုမယ်ထင်ပါတယ်။ တစ်ဖက်ကလဲ မေးလိုသည်များကို မေးမြန်းပြီး တစ်ဖက်ကလဲ ဖြေရှင်းသင့်သည်များကို ဖြေရှင်းကြဖို့ လိုပါတယ်။ ဆရာတော် ဦးဝီရသူ လုပ်သလို ပွဲတွေ လုပ်ဖို့ လိုပါတယ်။ နောက် Us and Them ဆိုတဲ့ အမြင်အပေါ် လျော့ချနိုင်မယ် နည်းလမ်းတစ်ခု အနေနဲ့ တစ်သားတည်း ကျတဲ့ အနေအထားတစ်ခုကို တည်ဆောက်ကြဖို့ လိုပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ Win-Lose ချဉ်းကပ်နည်းဟာ ဘယ်နေရာမှာ အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။

မြို့တိုင်းရွာတိုင်း လူရိုသေရှင်ရိုသေ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြဖို့ လိုနေပါပြီ။ ဘာသာရေးတွေ မပါတဲ့၊ အစိုးရက တိုက်ရိုက်ခန့်တာ မပါတဲ့ Civil Society တွေ လိုလာပါပြီ။ နယ်တွေမှာ ဆိုရင် လူငယ်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ အနေအထားအရ ဘာလုပ်ရမှန်း မသိတဲ့ အနေအထားနဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော် တစ်ခါက သွားဖူးတဲ့ မြို့တစ်မြို့မှာ ဆိုက်ကား ငှားစီးတော့ ဆိုက်ကားဆရာနဲ့ စကားပြောဖြစ်ပါတယ်။ သူက ဆိုက်ကားကို ကိုယ်ပိုင်နင်းတာ ဖြစ်ကြောင်း၊ သူက ဥပဒေနဲ့ ဘွဲ့ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်က ဟာဗျာ ဥပဒေ ဘွဲ့ရတာကို ဆိုက်ကား နင်းနေရလားဆိုတော့ ဆိုက်ကား ကိုယ်ပိုင်နင်းတာ ဥပဒေနဲ့ အလုပ်လုပ်တာထက် ပိုကိုက်တယ်လို့ ပြောပါတယ်။ သူကမှ ဆိုက်ကား နင်းနေပါသေးတယ်။ ဘာမှမလုပ်ပဲ ပုံနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အဲဒီလို ဘာမှမလုပ်ကြတာ လုပ်စရာ အခွင့်အလမ်း နည်းတာကြောင့်ပဲ ဖြစ်ပါတယ်။ ဘာမှမလုပ်တဲ့အတွက် ဘဝအာမခံချက်လဲ ရှိမှာ မဟုတ်ပါဘူး။ အဲဒီလို လူတွေက သေမထူး နေမထူးဆိုတဲ့ အခုလို အဓိကရုန်းတွေမှာ ပါဝင်လာနိုင်ပါတယ်။

အဲဒီလို လူငယ်တွေကို စုစည်းထားနိုင်တဲ့ လူရိုသေရှင်ရိုသေ အဖွဲ့တွေ မရှိမဖြစ်လိုနေပါပြီ။ အသိပညာမြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေး စသည်ဖြင့် အကြောင်းအမျိုးမျိုးအတွက် ဘက်စုံလုပ်နိုင်တဲ့ အဖွဲ့တွေ လိုနေပါပြီ။ အဓိကရုန်းတွေ ဖြစ်လာတဲ့ အခါမှာလဲ မဖြစ်ခင်က ကြိုသိနေတဲ့ အနေအထားကို ရောက်အောင် သွားဖို့ လိုပါတယ်။ အဲဒါမှ တားလို့ရမှာ ဖြစ်ပါတယ်။ အရင်ကတော့ ထောက်လှမ်းရေး ကွန်ယက်က ကြီးတဲ့အတွက် စာရွက်လေး တစ်ရွက်နှစ်ရွက်ပဲ ဝေရသေးတယ်၊ အဖမ်းခံရတဲ့အတွက် ပဋိပက္ခတွေ သိပ်မကြီးပါဘူး။ အခုဟာက အဲဒီလို အနေအထားလဲ မရှိ အွန်လိုင်းကလဲ စိတ်ကြိုက် ဖြန့်နိုင်တဲ့ အနေအထား ဖြစ်တဲ့အတွက် ပိုပြီး ပြန့်ပွားလွယ်ပါတယ်။ ဒါပေမယ့် အဲဒီလို အွန်လိုင်းက ပြန့်တာတွေကို တားဖို့ ကြံစည်မယ်ဆိုရင်တော့ နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့ ဆိုရမှာပါ။ တကယ်တန်း ဖြစ်သင့်တာက လူတွေအနေနဲ့ အမှန်တရား အပေါ်မှာ ဖြစ်သင့်တဲ့ အနေအထားအပေါ်မှာ သုံးသပ်တတ်အောင် Knowledge တွေ ဝေမျှပေးဖို့သာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ကို ဖွဲ့စည်းသင့်ပါတယ်။ (ရဲဆိုတဲ့ အမည်မပါပဲ၊ ရဲကို ရာဇဝတ်မှုနှိမ်နင်းရေးမှာသာ ထားထားပြီး အဖွဲ့သစ်တစ်ခု အနေနဲ့ ဖွဲ့ရင် ပိုကောင်းပါတယ်) အဂတိတရားကင်းအောင် အထူးကြပ်မတ်ပြီး အဓိကရုန်းတွေ မဖြစ်ခင်ကတည်းက သိအောင်၊ ဖြစ်လာရင်လဲ အပျက်အစီး အဆုံးအရှုံး မများခင် ထိန်းချုပ်နိုင်အောင် စွမ်းဆောင်ရည်တွေ မြှင့်တင်သင့်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာ အကူအညီ ရယူမယ်ဆိုရင်လဲ ရယူပြီး ဆောင်ရွက်သင့်ပါတယ်။ ဒီမိုကရေစီနည်းကျ အဓိကရုန်းနှိမ်းနင်းရေး ရဲတပ်ဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းပြီး ချက်ချင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။

( ယခုအမြင်များသည် ပဋိပက္ခကို ဦးတည်သည့် အမြင်များ မဟုတ်ပဲ ပဋိပက္ခချုပ်ငြိမ်းစေရန် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါသည်။ အမြင်မတူသည့် အချက်များကို ဆွေးနွေးနိုင်ပါသည်။)

Ref: Soe Thiha Naung

0 comments: