Pages

Tuesday, May 8, 2012

တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ

ဂရိရေပိုင်နက်ထဲကို လှေနဲ့ ခိုးဝင်လာကြတဲ့ အာဖဂန်နစ်စတန်များကို ဂရိ လူဝင်မှုကြီးကြပ်ရေးမှ မေးမြန်းနေပုံ။


လူ့အခွင့်အရေးတွေအကြောင်း ပြောတာပဲဖြစ်စေ၊ လူမျိုးရေးအကြောင်းတွေ ပြောတာပဲဖြစ်စေ၊ စီးပွားရေး ဆက်စပ်မှုအရပဲဖြစ်စေ၊ တိုင်းတပါးသားတွေက နိုင်ငံတွင်းကို တရားမဝင်လာရောက် ကျူးကျော်နေထိုင်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်နေတာတွေကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုအပြင် ဘာသာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း ရှုပ်ထွေးပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ရှိလာနိုင်ပါတယ်။ သွေးနှောပြီး လူမျိုးပျောက်စေတဲ့ကိစ္စွအထိ အဆုံးစွန် ဖြစ်သွားနိုင်တာကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကနေ့ မြန်မာအစိုးရ အပါအဝင် နိုင်ငံသားတိုင်းဟာ နောင်လာနောက်သား မျိုးဆက်သစ်တွေ အပေါ်မှာ ပိုမိုကြီးမားလေးလံတဲ့ ပြဿနာတွေကို တတ်နိုင်သမျှ မထားရစ်ခဲ့ဖို့ တာဝန်ရှိနေပါတယ်။

ပြည်ပကနေ တရားမဝင် လာရောက် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားနိုင်မယ့် အဓိက နည်းလမ်း (၄) မျိုးကို အကြမ်းအားဖြင့် အကြံပြုလိုက်ပါတယ်။  

(၁) ပြည်ပကနေ ကျူးကျော်နေထိုင်သူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ တားဆီး အရေးယူပိုင်ခွင့် ရှိသလို အခြေအနေအရ လိုအပ်လာတဲ့အခါမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေကို ထပ်ဆင့်ပြဌာန်းခွင့်လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီလို တားဆီးရုံနဲ့တော့ မလုံလောက်ပါဘူး။

(၂) လူ့အခွင့်အရေးနဲ့ လူမျိုးရေးကို ဗန်းပြပြီး တိုင်းတပါးသားတွေ ပြည်ပကနေ ကျူးကျော်လာနိုင်အောင် ကြားကနေ ကူညီ ဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှကိုလည်း တင်းကျပ်တဲ့ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဖို့ လိုအပ်ပါမယ်။ ကြားလူ မကူညီရင် ကျူးကျော်ဖို့ အခွင့်အလမ်းက သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ 

အဲဒီလို ကြားခံ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံ ပြည်တွင်းမှာရှိရင် မြန်မာနိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျောသားရင်သား မခွဲခြားဘဲ မြန်မာနိုင်ငံ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီး ပြည်ပမှာရှိရင် ဘယ်နိုင်ငံသားဖြစ်စေ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူသင့်ပါတယ်။

(၃) အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစရှိတာတွေကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံနဲ့ တိုက်ဖျက်ကြသလိုပဲ ပြည်ပကနေ တရားမဝင် ကျူးကျော်နေထိုင်တာတွေကိုလည်း နိုင်ငံတကာပုံစံနဲ့ တားဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုမိုဂုဏ်ရှိစွာနဲ့ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အဖြစ်ချင်းတူ ကြုံတွေ့နေရတဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် အမေရိကန်၊ ဂျပန်၊ သြစတြေလျ အစရှိတဲ့ နိုင်ငံတွေနဲ့ အတူတကွ ပူးပေါင်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၄) အဓိကကျတဲ့ နောက်ဆုံးတချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ထောက်ခံအားပေးမှု ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို လိမ္မာပါးနပ်စွာ စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်ပါမယ်။

လွင်အောင်စိုး
မေလ ၇ ရက် ၂ဝ၁၂ ခုနှစ်

0 comments: