မောင်တောမြို့ အချို့ရပ်ကွက်များတွင် သေနတ်သံများ ကြားနေရဆဲဖြစ်
ည ၁၁ နာရီ၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁ နာရီကျော်သည်အထိ မကွဲသေးဘဲ သေနတ်ပစ်ဖောက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ ပြောသည်။
စစ်တပ်အင်အား မလုံလောက်သည့် အနေအထားကိုလည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ ။
စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ
ဇွန်လ ၈ ၊ ၂၀၁၂၊ YPI
စစ်တွေမြို့အနီး ဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန် ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ ၃၀ ကျော် ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှ သတင်းအရ ၄ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ။
မောင်တောမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
ည ၈ နာရီ ၄၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်တွင် ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့်နှင့် လူ ၅ ယောက်ထက် ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ ၁၄၄ အရ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံးအခြေအနေကို ည ၈ နာရီခွဲတွင် YPI သို့ ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဓားများ၊ တုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။
လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ဘဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ ၎င်းက “ကျနော်တို့ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။
မောင်တောမြို့ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။ ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖော်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။
အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။
သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး သို့မဟုတ် ၅ ဦးထက် ပိုသောသူများ စုဝေးခြင်းမပြုရန်နှင့် ညနေ ၁၈း၀၀ နာရီအချိန်မှ နံနက် ၀၆း၀၀ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖော်ပြထားသည်ကို တွေ့ရသည်။ ။
မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ
ညနေ ၅ နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ ပြောသည်။
ရဲနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်းဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း၏ နေအိမ်သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖော်လိုသူ တပ်အရာရှိတဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။
လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖော်ဖြစ်သူက ဓားနှင့် ထိုးသဖြင့် ဇနီးဒေါ်သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာဦးခင်မောင်လတ်အား ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
မီးရှို့ခံရသည့် ကျေးရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြန်ဆုံး ကာကွယ်ပေးဟု ဆို
ဇွန်လ ၈၊ ၂၁၁၂၊ YPI
“မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှုပေးနေပါသည်။” ဟု
နိုင်ငံတော်သမ္မတရုံမှ အရာရှိတဦးဖြစ်သူ မှူးဇော်က ၎င်း၏ ဖေ့စ်ဘွတ်တွင် မောင်တောအရေးနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို အထက်ပါအတိုင်း ဖေါ်ပြထားသည်။
ကြားဖြတ်သတင်း - နောက်ဆုံးရ မောင်တောမြို့ အခြေအနေ
ညနေ ၄ နာရီ၊ ဇွန် ၈၊ ၂၀၁၂၊ YPI
မောင်တောမြို့အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန် ကြိုးစားသော်လည်း မီးမလောင်ဘဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။
အချို့ရပ်ကွက်များတွင် လူနေအိမ်များ မီးရှို့ခြင်း၊ ရွှေထည်ပစ္စည်းများ လုယူခြင်းများ ရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့် နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။
မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်းတခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခြင်းကြောင့် တဘက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
နောက်ထပ်ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှုသတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။
မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော်၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။
ထိန်းမနိုင်သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေးတပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်းကြစေလိုပါသည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ။
မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှု ဖြစ်ပွားနေ
ဇွန် ၈၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ်မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့်သတင်းများအရ သိရှိရသည်။
မောင်တောမြို့တွင် မြို့အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း၊ မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများ ရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုလူဝေးကို ခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူအကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။
မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေအနေ တင်းမာ
ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့၌ လူမျိုးရေးအဓိကရုဏ်းဖြစ်မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်း လမ်းပေါ်တွင် စုဝေးနေသည့် ရာနှင့်ချီသည့် လူထုကို လူစုခွဲရန် ပြောဆိုသော်လည်း သတင်းရရှိချိန်ထိ စုဝေးနေဆဲဖြစ်သည်ဟု မောင်တောမှ လာသည့် သတင်းများအရ သိရှိရသည်။
မောင်တောမြို့နယ် ဆူပူမီးရှို့မှုဖြစ်စဉ်တွင် ဆူပူသူများက မောရ၀တီ(နတလ)ကျေးရွာမှ ဗီဒီယိုရုံအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရွာသားများ ရွာမှ ထွက်ပြေးသွားခဲ့ရကြောင်း၊ မောင်တောမြို့နယ် ရေရင်အေး(နတလ)ကျေးရွာမှ ရွာသားအချို့မှာလည်း ထိတ်လန့် ကြောက်ရွံ့ကြသဖြင့် ခရိုင်ထွေ/အုပ်ရုံးနားရှိ ပရဟိတကျောင်းနှင့် အောင်မြေဗောဓိကျောင်း များသို့ သွားရောက်ခိုလှုံနေရပြီး မြို့ပေါ်ရပ်ကွက်(၁)တွင် လူစုလူဝေး အနည်းငယ် ရှိသဖြင့် ရဲတပ်ရင်းမှ လိုက်လံ ရှင်းလင်းခဲ့ရကြောင်း သိရှိရပါသည်။
ဇွန်လ ၈ ရက် ၁၄၁၀ ချိန် စစ်တွေမြို့ တက္ကသိုလ်ရှေ့ ဘူတာအနီး ရထားသံလမ်း မင်းဂံရပ် ကွက်နှင့် ဘုမေ၀ါယာလစ်ကျေးရွာအကြားတွင် အစ္စလာမ်ဘာသာဝင် (၃၀၀)ခန့်မှ ရထား သံလမ်းကို ကျော်လာပြီး ရခိုင်လူမျိုးများကို လာရောက်ဝိုင်းကြရာ ရခိုင်လူမျိုး(၁၀၀)ခန့်နှင့် တွေ့ဆုံပြီး ခဲ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ရာ (၄)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
လေးဝတီ ၅မိနစ်သတင်းပေးပို့ချက်
RSO စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ယခုနတ်မြစ်ကမ်း ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းမှနေ၍ မော်တော်ဘုတ်နှစ်စီးဖြင့် လက်ရှိမြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသော အဖွဲ့နှစ်ဖွဲ့ကို ကူညီရန် အနေအထားရှိကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်သွေးကြွလက်နက်ကိုင်များ၏ မော်တော်ဘုတ်မှာ မြစ်နားရွာ(ဘင်္ဂလားဒေ့ရှ် ရခိုင်ရွာ)အနီးမှ မောင်းနှင်နေသည့်အတွက် ကမ်းထက်မှ BGP ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၊ရဲတပ်ဖွဲ့များ အသင့်နေရာယူထားသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။ အဆိုပါမော်တော်ဘုတ်တွင် RSO အလံတင်ထားပြီး ကမ်းသို့မကပ်ပဲ အစုန်အဆန် မောင်းနှင်လျက်ရှိကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ လေးဝတီသတင်းထောက်မှ သတင်းပေးပို့လာပါသည်။
သေဆုံးနှင့် ဒဏ်ရာရသူများ စာရင်းဦးလှမောင် -ရဲတပ်ကြပ်အငြိမ်းစား ဗိုလ်မှူးရွာ (သေဆုံး)
စုစုပေါင်း ဓားဒဏ်ရာ အချက် ၂၀ခန့်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး
ဒေါ်သန်းသန်းရင် (သေဆုံး)
ဓားဒဏ်ရာ
ဦးခင်မောင်လတ်-ဆရာဝန် (ဒဏ်ရာပြင်းထန်)
ဓားဒဏ်ရာ
ဦးကျော်-စခန်းမှူးအငြိမ်းစား(ဒ
လောလောဆယ် အတိအကျသိရတဲ့ သတင်းပါ
0 comments:
Post a Comment