Pages

Monday, December 30, 2013

နိုင်ငံသားဖြစ်ရန် အရည်အချင်းနှင့် အဆုံးအဖြတ်


(UNHCR က ကောက်ယူသည့် နိုင်ငံသားဖြစ်နိုင်သည့် ဘင်္ဂါလီစာရင်း)

လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအရ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလဖြစ်တဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အပါအ၀င် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေဟာ နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အလွန်အရေးပါတဲ့ ဖြစ်စဉ်တွေလို့ ဆိုနိုင်သလို အစိုးရက မဖြစ်မနေ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမယ့် အခြားကိစ္စရပ်တွေဟာလည်း ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။

UNHCR က ကောက်ယူသည့် နိုင်ငံသားဖြစ်နိုင်သည့် ဘင်္ဂါလီစာရင်း

အဆိုပါ ဖြေရှင်းဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ များစွာရှိနေရာမှာ အခြားနိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသများ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကူးလူးဆက်ဆံခြင်းကြောင့် ဖြစ်ပွားလာနိုင်တဲ့ ပြဿနာတွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အချက်ဟာလည်း အရေးကြီးတဲ့ ကိစ္စရပ်အဖြစ် ပါဝင်ပါတယ်။ နယ်စပ်ဒေသများနဲ့ ပတ်သက်ပြီး မကြာမီက ပြည်ပကခိုးဝင်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသဖြစ်သော မောင်တောခရိုင် အတွင်းမှာ ရှိနေတဲ့ နိုင်ငံသားဖြစ်နိုင်ဖို့ အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူတွေက ကွင်းဆင်းကောက်ယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ပြည်တွင်းပုဂ္ဂလိက သတင်းစာမှာ ဖော်ပြထားရာ UNHCR အနေဖြင့် ဘယ်လိုရည်ရွယ်ချက်နဲ့ ကောက်ယူမှုပြုနေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာရပါတယ်။

မွေးစာရင်း မတင်ရသေးသည့် ကလေးများလည်းပါဝင်


သတင်းမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီရိမင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အင်န်ဂျီအို အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွင် UNHCR မှ တာဝန်ရှိသူတစ်ဦးက ယင်းတို့အနေဖြင့် နိုင်ငံသားဖြစ်နိုင်ဖို့ အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်းကို ကောက်ယူနေကြောင်း ပြောကြားခဲ့တာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဘင်္ဂါလီစာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး UNHCR က ဆွေးနွေးတင်ပြချက်အရ မွေးစာရင်း မတင်ရသေးတဲ့ ကလေးအရေအတွက်နဲ့ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်းကို ကောက်နေတယ်လို့ ပြောခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ယင်းသို့ကောက်ယူမှုကို အဖွဲ့အစည်းနဲ့ လုပ်ရမှာမဟုတ်ဘဲ ၁၉၈၂ ဥပဒေအတိုင်း သက်ဆိုင်ရာကတစ်ဆင့် ဆောင်ရွက်ရမှာဖြစ်ပြီး ယခုဖြစ်ရပ်ဟာ ဥပဒေနဲ့မညီညွတ်တဲ့အကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတစ်ဦးက ဆိုတယ်လို့ သတင်းမှာ ဆက်လက်ရေးသားထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီမှ နိုင်ငံသားပေးရေး တိုက်တွန်းခဲ့ပြီးနောက်

အဆိုပါသတင်းမှာ ဖော်ပြထားချက်အရ ဆိုရင်တော့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNHCR အနေဖြင့် လူဦးရေစာရင်း ကောက်ယူရေးမှာ အငြင်းပွားဖွယ်ရာ အကြောင်းရင်းခံတွေ ရှိနေတဲ့ အဆိုပါဒေသမှာ ဘာကြောင့်အခုလို နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိတယ်ဆိုတဲ့ ဘင်္ဂါလီစာရင်းကို ကောက်ယူနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ကောက်ယူတဲ့နေရာမှာလည်း အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့် ဆိုတာကို UNHCR အနေဖြင့် ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ကောက်ယူသလဲ၊ UNHCR က နိုင်ငံသားဖြစ်ခွင့်ကို အခုလို စာရင်းပြုခွင့် ရှိသလားဆိုတာကတော့အစိုးရတာဝန်ရှိသူတွေ အနေနဲ့ မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီများကို လူနည်းစုအဖြစ် သုံးနှုန်းပြီး ယင်းတို့ကို မြန်မာအစိုးရ အနေဖြင့် နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို အတည်ပြုခဲ့ရာ အစိုးရက ယင်းအဆိုကို ငြင်းဆန်တုံ့ပြန်ခဲ့ပြီးနောက် ယခုလို ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖစ်တဲ့ UNHCR က ဒီဇင်ဘာလအတွင်းမှာ ယင်းတို့ဘာသာ နိုင်ငံသားဖြစ်နိုင်ဖို့ အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်း ကောက်ယူနေတယ်လို့ ထုတ်ဖော်ပြောဆိုခြင်းဟာ ဘယ်လိုနောက်ခံ ရည်ရွယ်ချက်တွေ ရှိနေသလဲဆိုတာ အစိုးရတာဝန်ရှိသူတွေ မေးမြန်းစုံစမ်းဖို့ လိုအပ်နေပါပြီ။ UNHCR အနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ဒုက္ခသည်များအဖြစ် သတ်မှတ်နိုင်ဖို့အတွက် စာရင်းကောက်ယူဖို့ တာဝန်ရှိတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ ပတ်သက်လာရင်တော့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများအရသာ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ခိုးဝင်သူများ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ ပတ်သက်ပြီး လာမယ့်နှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကနေ ရခိုင်ပြည်နယ်တွင်းက နိုင်ငံသားဖြစ်ခွင့်ရှိသူ စာရင်းတွေ ထွက်ရှိလာဖို့ ရှိနေသလို ရခိုင်ပြည်နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာမှုဖြစ်စဉ်တွေ ရှိနေဆဲဖြစ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမယ်ဆိုတဲ့ သတင်းကြောင့် ခိုးဝင်မှုတွေ ပိုများနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာက ဘင်္ဂါလီများနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံဖို့ သက်ဆိုင်ရာက စီစဉ်ခဲ့မှုတွေမှာလည်း ဘင်္ဂါလီတွေက ငြင်းဆန်ခဲ့သဖြင့် အကြိမ်ကြိမ် ရပ်တန့်ထားခဲ့ရပြီး ဘင်္ဂါလီများက လူမျိုးနေရာတွင် ရိုဟင်ဂျာလို့ ထည့်သွင်းရေးသား ဖော်ပြရန် တောင်းဆိုမှုတွေ ရှိခဲ့သလို အဲဒီလိုငြင်းဆန်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်သူတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ကမ္ဘာသူ ကမ္ဘာသားတိုင်း ဒုက္ခသည် မဖြစ်အောင်

ဒီဖြစ်စဉ်တွေအရ ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်း ကောက်ယူဖို့ဆိုရာမှာ အငြင်းပွားဖွယ်ရာ အချက်တွေ ရှိနေတာကို တွေ့ရမှာဖြစ်ပြီး တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းက ကောက်ယူဖို့ဆိုတာထက် ပူးပေါင်းဆောင်ရွက်ခြင်းက လုပ်ငန်းစဉ်ကို ချောမွေ့စေမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် UNHCR အနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူ လူဦးရေစာရင်း ကောက်ယူနေတာထက် လက်ရှိမှာ နိုင်ငံတော်က လစဉ်ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ စောင့်ရှောက်နေရတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီဒုက္ခသည် မိသားစုများအတွက် ဘယ်လိုကူညီစောင့်ရှောက်မှုတွေ တိုးမြှင့်ပေးနိုင်မလဲ။ တကယ်လို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအပြီး ထွက်ပေါ်လာမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ အကျုံးမ၀င်သူတွေကို ဘယ်လိုကူညီ စောင့်ရှောက်မှုတွေ ပေးသွားမလဲ။ ဥပမာအားဖြင့် တတိယနိုင်ငံတွေ ပို့ပေးဖို့ ကူညီနိုင်မလား ဆိုတာမျိုးတွေကို ကြိုတင်အစီအမံတွေကို ဆောင်ရွက်ထားသင့်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကို အခြားနိုင်ငံက ခိုးဝင်လာမှုတွေကို တားဆီးကာကွယ်နိုင်ဖို့ အတွက်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ UNHCR အနေနဲ့ ဘယ်လိုနိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကူညီနိုင်မလဲဆိုတာ အဖြေရှာသင့်ပြီး ကမ္ဘာသူ ကမ္ဘာသားတိုင်း ဒုက္ခသည်မဖြစ်အောင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုစွမ်းဆောင် ပေးနိုင်မလဲဆိုတာ အဓိကလို့ ယူဆမိပါတယ်။

နိုင်ငံသားဖြစ်ရေးဟာ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုက အသိအမှတ်ပြုရုံနဲ့ မပြီးပါဘူး။ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တာကြောင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေများကသာ အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


(Written by သစ်ထွဋ် )

 

0 comments: