Pages

Tuesday, December 10, 2013

စင်ကာပူမှာ ကာလှရှည်ကြာ နေလာခဲ့သူတယောက်အနေဖြင့် ...


( အလွဲ အမှား ... လို ရာ ဆွဲ ပြော .. ပြု ပြင် ဇာ ချဲ့ ... မီး မ မွှေး ကြ ပါ နှင့် )


စင်ကာပူမှာ ကာလှရှည်ကြာ နေလာခဲ့သူတယောက်အနေဖြင့် ...

အခြားဒေသကလူများကို အဖြစ်မှန်ကို သိစေလိုသဖြင့် ဤပို့စ်ကို ရေးပါသည်။ မနေ့ညက ဖြစ်ပွားခဲ့သော အဓိကရုဏ်းကိုသုံးသပ်လျှင်..

၁- စင်ကာပူနေ နိုင်ငံခြားလုပ်သားများ ( အိန္ဒိယ ဘင်္ဂလာဒေ့ရှ် သီရိလင်္ကာ စသည်..) တို့ စနေတနင်္ဂနွေညများတွင် စုဆုံပျော်ပါးလေ့ရှိကြသော Little India အရပ်မှာ စင်ကာပူရီယန် တရုတ်လူမျိုးမောင်းသော ဘတ်စ်ကားကြိတ်၍ သေဆုံးသူမှာ အိန္ဒိယလုပ်သားဖြစ်သည် (ကားပေါ် တက်မရ၍ ပြူတ်ကျသည်ကို ဇွတ် မောင်းသောကြောင့်ကြိတ်ခံရသည်ဟုလည်း ကြားသိရသည်)၊ မောင်းသူ၏တောင်းပန်မှုမရှိခြင်း၊ ရောက်လာသောရဲများက ချက်ြခင်းတခုခု ဆောင်ရွက်မပေးခြင်း တို့ကြောင့် ဒေါသဖြစ်ရာက အသွင်ပြောင်းပြီး အကြမ်း ဖက်လာသူအများစုမှာ အိန္ဒိယလုပ်သား (ဟိန္ဒူ) များ ဖြစ်သည်။ ဤသတင်းကိုလွဲမှားစွာ လိုရာချဲ့ကားပြီး မြန်မာပြည်သို့ မလိုလား အပ်သော ပြဿနာများ ထပ်ဖြစ်အောင် မပို့ဆောင်ကြသင့်ပါ။ အဓိကဦးဆောင်သူ ၂၇ ဦး =(အိန္ဒိယ ၂၄ ဦး+ ဘင်္ဂလာဒေ့ရှ် ၂ ဦး ၊ ပီအာ ၁ဦး)ဖြစ်သည်။


၂- ထင်ရှားသောအကြောင်းရင်းကား သူတို့သည် အရက်အလွန်မူးခြင်း၊ တဒင်္ဂဒေါသကို မထိန်းနိုင်ခြင်း၊ ရောက်နေ သောနိုင်ငံ၏ဥပဒေစည်းကမ်းများကို ဆင်ခြင်နိုင်သော အသိဥာဏ် ကင်းမဲ့ခြင်းတို့ ကြောင့်ဖြစ်သည်။ (မနှစ်က တရုတ်ညီအကို ၂ဦး ကွန်ကရစ်ကားတိုက်၍ ရင်နင့်ဘွယ်ရာ သေဆုံးခဲ့ရသည်။ ဘယ်တရုတ်မှ သည်လိုမလုပ်ခဲ့ကြပါ)

၃- သို့သော် သူတို့သည် သာမာန်ကိစ္စကို လွန်ကဲစွာတုန့်ပြန်ကြခြင်း၏ နောက်ခံအကြောင်း တရားများရှိသည်ကိုဆင်ခြင်သင့်သည်။ မတန်တဆပေးခဲ့ရသောပွဲစားခ ကိုကျေအောင် လုပ်နေရခြင်း၊ နေထိုင်ရသော အဆောင်များ မှာ ကျဉ်းကျပ်ဆင်းရဲလှခြင်း၊ နေပူစပ်ခါးအလုပ်ခွင်မှာ ပင်ပမ်းရခြင်း ဟိန်းဟောက် ဆူပူခံရခြင်း၊ ရထားကားပေါ်မှာ နိုင်ငံသားကိုကိုသန့် မမသန့်တို့၏ ငြိုငြင်ခံရခြင်းစသော ရောက်လေရာမှာ ခံစားခဲ့ရသော မကျေနပ်ချက်တို့ပေါင်းစပ် ပေါက်ကွဲခြင်းလည်း ပါဝင်နိုင်ပေမည်။

၎-ထို့ကြောင့် သူတို့ကိုအကြောင်းပြုပြီးဝါးလုံးရှည်ဖြင့်သိမ်းရမ်းကာ အဆိုးမြင်သဘော မသုံးသပ်သင့်ပါ။. မီးလောင် ဆုံးရှုံးသွားသော ကားများအတွက် အခွန်ထမ်းပြည်သူတွေကပဲ ပေးရဦးမယ်။ သည်လုပ်သားတွေ အကုန်ပြန်လွှတ် ဟူသော နိုင်ငံသားတို့၏ပြောစကားမှာ unwise ဖြစ်လှပါသည်။ သူတို့မရှိလျှင်စင်ကာပူ၏ ဆောက်လုပ်ရေး သင်္ဘောကျင်းစသော လုပ်ငန်းခွင်များရပ်တန့်သွားပေမည်။ လက်ညှိုးမကောင်း လက်ညှိုးသာ ဖြစ်သည်။

၅- စင်ကာပူရဲတို့သည် ပြည်သူများဘေးအန္တရာယ်မဖြစ်ရေးကိုအဓိကထားပြီး ဆူပူအကြမ်းဖက်မှု ပိုမိုမကြီးထွားရအောင် အခြေအနေကို တည်ငြိမ်စွာ သည်းခံဖြေရှင်းခဲ့သည်မှာ ချီးကျူး စရာဖြစ်သည်။

၆- မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် There is no excuse in Law ဆိုစကားတိုင်း ထိုအကြမ်း ဖက်သူတို့သည် မိမိအခွင့်အရေးကို ပျောက်အောင် မိမိကိုယ်တိုင် လုပ်ကြသူများ ဖြစ်သွားကာ ဤဖြစ်ရပ်ကို အကြောင်းပြုပြီး စင်ကာပူအစိုးရက နောင်တွင် တင်းကျပ်တော့မည်။ အရက်သောက် ခြင်း၊ ရောင်းချခြင်း၊ နေရာထိုင်ခင်း၊အချိန် တွေကို ကန့်သတ်တော့မည်။ အခြားလူမျိုး နိုင်ငံခြားသားများကိုပါ သက်ရောက်နိုင်ဖွယ်ရာရှိသဖြင့် မြန်မာတို့လည်း အစစ သတိဖြင့် ဆင်ဆင်ခြင်ခြင် ပျော်ကြဖို့ လိုအပ်ပါမည်။သောက်လည်းသောက်ကြပါ။ အဆင့်ရှိရှိ သတိ ရှိရှိလေးပေါ့။ (မြန်မာတို့၏ပင်နီဆူလာ ပလာဇာတွင် တချိန်က သင်္ကြန်ပွဲကို ဆင်နွဲခဲ့ကြသော် လည်း စည်းကမ်းမဲ့ အော့အံသူ အမှိုက်ပစ်သူ ကွမ်းတံတွေးထွေးသူတို့ကြောင့် ဆင်နွှဲခွင့် အပိတ်ခံလိုက်ရသည်မှာ မည်သူ့ကြောင့်ပါလဲ။)။

၇- စင်ကာပူ အစိုးရသည် လူမျိုးဘာသာစုံနေထိုင်သော သူတို့နိုင်ငံမှာ ဒီမိုကရေစီကြီး အပြည့်အ၀ မရှိသည့်တိုင် အားလုံးကို သဟဇာတ ဟာမိုနီဖြစ်အောင် အခွင့်အရေးများပေး မျက်စိမှိတ် ထားသော်လည်း တခုခုမှား လို့လွန်ကဲလို့ကတော့ ညှာသည်မဟုတ်သည်ကို သိရှိလျှက် မိမိတို့က စည်းကမ်းသတိလေးဖြင့် နေသွားလျှင် အဆင်ပြေပါသည်။

၈- ထပ်ပြောရပါလျှင် အရက် ၊ ဒေါသ နှင့် ဆင်ခြင်တုံတရားကင်းမဲ့မှု သည် အရာရာကို ဖျက်ဆီးတတ်ပါ သည်။ မည်သည့်လူမျိုး မည်သည့်ဘာသာက ပတ်ဝန်းကျင်ကို ဖျက်ဆီးတတ်သည်ဟု ပြောမရပါပေ။



အေးချမ်းမွန် Credit To >Aung Khaing< Thankhttps://www.facebook.com/excellencemedia

0 comments: